
အင်္ဂလန်နိုင်ငံတောင်ပိုင်း အောက်စဖို့ဒ်ရှိုင်းမှာ ဂျူရားဆစ်အလယ်ခေတ်က ဒိုင်နိုဆောတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာတွေကို လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ၉ မီတာ အရှည်ရှိတဲ့ မီဂါလိုဆောရက်စ် ဒိုင်နိုဆောတွေရဲ့ ခြေရာတွေလို့ ဆိုပါတယ်။ နှစ်သန်းပေါင်း ၁၆၆ သန်းက ထုံးကျောက်သားအပေါ် ဖြတ်ခဲ့တဲ့ ဒိုင်နိုဆော ခြေရာပေါင်း ၂၀၀ ကျော် တွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ ဗြိတိန်မှာတွေ့တဲ့ အကြီးဆုံး ဒိုင်နိုဆောခြေရာတွေပဲ ဖြစ်ပါတယ်။
ပါမောက္ခရစ်ချက်ဘတ်လာက“ဒိုင်နိုဆိုခြေရာလမ်းကြောင်းက ဗြိတိန်မှာ အကြီးဆုံး ကျောက်ဖြစ်လမ်းကြောင်းတခုပါ။ တကယ်တော့ ကမ္ဘာမှာလည်း အကြီးဆုံး ဒိုင်နိုဆော ကျောက်ဖြစ်ခြေရာလမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဒီနေရာက တကယ့် ထူးခြားတဲ့ နေရာတခုပါ” လို့ ပြောပါတယ်။
အဲဒီခြေရာတွေအနက် ခြေရာ ၄ ခုက ကြီးမားတဲ့ ခြေရာတွေဖြစ်လို့ အရှည် ၁၈ မီတာရှည်တဲ့ လည်ပင်းရှည် စီတီရာအိုဆောရက် ဒိုင်နိုဆောရဲ့ ခြေရာတွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ခြေရာ ၅ ခုက ခြေချောင်း ၃ ခုရှိတဲ့ မီဂါလိုဆောရတ်ရဲ့ ခြေရာတွေ ဖြစ်ပါတယ်။
ဒီခြေရာတွေမှာ အသားစား ဒိုင်နိုဆောတွေနဲ့ အပင်စားဒိုင်နိုဆောတွေရဲ့ ခြေရာ ၂ မျိုးလုံး တနေရာတည်းကို ဖြတ်သွားခဲ့တာဖြစ်လို့ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလဲဆိုတာ လေ့လာသူတွေအတွက် မေးခွန်းတွေ ဖြစ်လာပါတယ်။
မီဂါလိုဆောရတ်ဟာ ၁၈၂၄ ခုနှစ်က ဒိုင်နိုဆောတွေအနက် ပထမဆုံး အမည်ပေးခဲ့တဲ့ နာမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒိုင်နိုဆောတွေကို လူတွေ စိတ်ဝင်စားမှုကလည်း နှစ်ပေါင်း ၂၀၀ ကျော် ရှိပါပြီ။
ကျောက်ဖြစ်နေတဲ့ ဒိုင်နိုဆောခြေရာတွေကို မိုင်းတွင်းအလုပ်သမား ဂယ်ရီဂျွန်ဆန်က ကားမောင်းရင်းနဲ့ သတိထားမိခဲ့တာ ဖြစ်ပါတယ်။
ဒိုင်နိုဆောခြေရာ ရုပ်ကြွင်းတွေကို ဇွန်လကတည်းက လေ့လာသူ ၁၀၀ ကျော်က လေ့လာမှုပြုလုပ်နေတယ်လို့ အောက်စဖို့ဒ်နဲ့ ဘာမင်ဂမ်တက္ကသိုလ်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Source : Reuters