
ပြင်သစ်လွှတ်တော်က ဝန်ကြီးချုပ် မီရှယ်ဘာညေး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့ပြီးမှာ နောက်ရက်အနည်းငယ်အတွင်း ဝန်ကြီးချုပ်အသစ် ခန့်အပ်သွားမယ်လို့ သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောပါတယ်။
မက်ခရွန်ဟာ အကျပ်အတည်းကြောင့် အားနည်းသွားပေမဲ့ အတိုက်အခံတချို့ရဲ့ နုတ်ထွက်ဖို့ တိုက်တွန်းချက်ကို ငြင်းဆန်ခဲ့ပါတယ်။
သူ့သက်တမ်း ၂၀၂၇ မေလမှာ ပြီးဆုံးတဲ့အထိ ရာထူးမှာ ဆက်နေမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
“ခင်ဗျားတို့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်က ၅ နှစ်အတွက်ပါ။ ကျနော် နောက်ဆုံးအထိ ဆောင်ရွက်သွားမှာပါ” လို့ သူကပြောပါတယ်။
ဝါရင့် ကွန်ဆာဗေးတစ်တယောက်ဖြစ်တဲ့ ဘာညေးဟာ ခေတ်သစ် ပြင်သစ်သမိုင်းမှာ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။
ကြာသပတေးနေ့က လွှတ်တော်က သူ့ရဲ့ ဘဏ္ဍာရေးအစီအမံတွေကို ထောက်ခံမဲ မပေးခဲ့တာကြောင့် ခန့်အပ်ခံရပြီး ၃ လအကြာမှာ နုတ်ထွက်ခဲ့ရပါတယ်။
ရုပ်သံကနေ နိုင်ငံတော်မိန့်ခွန်းပြောရာမှာ မက်ခရွန်က ဘာညေးရဲ့ နောက်ဆက်ခံသူကို “နောက်ရက်အနည်းငယ်အတွင်း” အမည်စာရင်းတင်သွင်းမယ်လို့ ပြောပါတယ်။ “ဦးစားပေးကိစ္စက ဘတ်ဂျက်ဖြစ်မယ်” လို့ မက်ခရွန်က ပြောပါတယ်။
၂၀၂၄ ဘတ်ဂျက်ကို ဆက်လက်သုံးစွဲဖို့နဲ့ ကွာဟမှုမရှိစေဖို့ အထူးဥပဒေကို ဒီဇင်ဘာလ အလယ်မတိုင်ခင် တင်ပြသွားမှာဖြစ်ပါတယ်။
ပြီးရင် အစိုးရအသစ်က ငွေကြေးဖောင်းပွမှုကို ထည့်သွင်းစဉ်းစားပြီး နှစ်စအစောပိုင်းမှာ တနှစ်စာအပြည့် ဘတ်ဂျက်ကို ပြင်ဆင်ကာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဇွန်လက ရုတ်တရက် ရွေးကောက်ပွဲစောခေါ်ခဲ့အပြီးမှာ ညှိနှိုင်းဖို့ ခက်လောက်အောင် ကွဲပြားနေတဲ့ လွှတ်တော်ကို ဖြစ်စေခဲ့တဲ့ မက်ခရွန်က သူဟာ နိုင်ငံရေးအကျပ်အတည်းအတွက် တာဝန်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
လက်ဝဲရော လက်ယာရော မဟုတ်တဲ့ ဗဟိုဝါဒီလို့ သတ်မှတ်ကြတဲ့ သမ္မတက လက်ယာ အစွန်းရောက်နဲ့ လက်ဝဲပါတီတွေဟာ “သမ္မတဆန့်ကျင်ရေးတပ်ဦး” အဖြစ် စုပေါင်းပြီး ဘာညေးကို ပြုတ်ကျစေခြင်းအားဖြင့် ရှုပ်ထွေးအောင် လုပ်ခဲ့တယ်လို့ ဝေဖန်ပါတယ်။
၁၀ မိနစ်ကြာ မိန့်ခွန်းမှာ အစိုးရအသစ်ဟာ ပါဝင်လိုတဲ့ ပါတီတွေကို ကိုယ်စားပြုရမယ် ဒါမှမဟုတ် အနည်းဆုံး အယုံအကြည်မရှိ အဆို မတင်သွင်းဖို့ သဘောတူရမယ်လို့ သမ္မတက ပြောခဲ့ပေမဲ့ ဘယ်ပါတီတွေ ပါမှာလဲတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
မက်ခရွန်က အစိုးရအသစ် မဖွဲ့စည်းနိုင်သေးခင် ဘာညေးနဲ့ သူ့အစိုးရအဖွဲ့ဟာ အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။
Source : Reuters