
ရှမ်းပြည်နယ်တောင်ပိုင်း၊ စံကားမြို့နယ်၊ လုံကန်စျေးလှေဆိပ်မှာ PNA ပြည်သူ့စစ်အဖွဲ့က စျေးလာသူတွေထံ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ပစ္စည်းတွေကို မတရားသိမ်းဆည်း ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က ဘုရားတောင်ရွာနေ ကိုထွန်းဖြူ နဲ့ မငွေတို့ လင်မယားဆီက ပစ္စည်းတန်ဖိုးငွေ သိန်း ၂၀ ကျော်၊ ကိုကျော်နဲ့ မအေးငြိမ်းဆီက ပစ္စည်း သိန်း ၄၀ ကျော်ဖိုးတို့ကို သိမ်းဆည်းသွားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဟိုတိန်ရွာနေ ဒေါ်မလေးက သူ့ကိုယ်ပိုင်စက်လှေနဲ့ ပစ္စည်းလာဝယ်ယူကာ ပြန်မယ့်အချိန်မှာ PNO ပြည်သူ့စစ်က အဆိုစက်လှေကိုစစ်ဆေးပြီး ဝယ်ထားတဲ့ ဆန်၊ ဆီနဲ့ ပစ္စည်းတွေ တန်ဖိုးငွေ သိန်း ၂၀၀ ဖိုးကို သိမ်းသွားခဲ့တယ်လို့ ပြောပါတယ်။
“PNO က ပစ္စည်းတွေသိမ်း၊ ငွေခဏခဏညှစ်လို့ စက်လှေဆိပ်ဂိတ်ဘက် သူများတောင် မရဲတော့ဘူး။ အလကားနေ ရစ်တယ်။ ပစ္စည်းသိမ်းတယ်” လို့ဒေသခံတယောက်က ပြောပါတယ်။
စံကား-ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှု ရှိနေလို့ PNO ပြည်သူ့စစ်၊ စစ်ကောင်စီတပ်တွေက ကြမ်းတမ်းစွာ စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
နောက်ဒေသခံတယောက်က “အရင်က သိပ်မစစ်ဘူး၊ ဒီတိုက်ပွဲ ဖြစ်ပြီးနောက်မှာပဲ ခုလိုစစ်တာ။ စံကားဘက်မှာ ဂိတ်လည်း ၄ ခု ထပ်တိုးထားတယ်။ ဂိတ်တိုင်းလည်း စစ်တယ်၊ လူကို စစ်ရုံမက ကုန်ပစ္စည်း၊ စက္ကူဖာတွေကိုလည်း ဓားနဲ့ထိုးဖောက် စစ်ဆေးတယ်” လို့ ပြောပါတယ်။
စံကားဒေသ PNO ပြည်သူ့စစ်ဂိတ်ရှိ စစ်သားတွေက ဒေသခံပစ္စည်းကို သိမ်းဆည်းတဲ့အပြင် ရွာသား၊ အရပ်သမား၊ မူးယစ်ဆေးသုံးသူကိုလည်း ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ မကြာခဏ ပြုလုပ်တယ်လို့ ဆိုပါတယ်။