Home
မြန်မာသတင်း
ရခိုင်က ကုန်သည်များ ဇွန် ၃၀ ရက် နောက်ဆုံးထား ထွက်သွားရန် လိုင်လူငယ်အဖွဲ့ပြော
DVB
·
June 30, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်းကို ရောက်နေကြတဲ့ ရခိုင်က ကုန်သည်တွေကို ကုန်ပစ္စည်း သယ်ယူခွင့်မရှိဘဲ ခရိုင်အတွင်းက ဇွန် ၃၀ ရက်နေ့မှာ နောက်ဆုံးထားထွက်သွားကြဖို့ လိုင်လူငယ်အဖွဲ့ (CYLA)က ​သတိပေးထားတယ်လို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တွေက ပြောပါတယ်။

လောင်တလိုင်ခရိုင်ကို ရောက်ရှိနေကြတဲ့ ရခိုင်ကုန်သည်တွေကို ဇွန် ၂၅ ရက်နေ့ကတည်းက ကုန်စည်သယ်ယူခွင့်ကို လိုင်လူငယ်အဖွဲ့(CYLA)က ပိတ်ထားတာဖြစ်ပါတယ်။

လောင်တလိုင်မှာ ရှိနေကြသေးတဲ့ ကုန်သည်တွေကိုလည်း ဇွန် ၃၀ ရက်နေ့မှာ နောက်ဆုံးထားပြီး ခရိုင်အတွင်းက ထွက်သွားဖို့ အဲဒီလူငယ်အဖွဲ့နဲ့ လိုင်တလိုင် ခရိုင်ရဲတွေက ဟိုတယ်အထိ လိုက်ပြီးတော့ သတိပေးထားတာတွေ ရှိတယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“ရခိုင်က ကုန်သည်တွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက လောင်တလိုင် ခရိုင်အတွင်းက ကုန်စည်တွေကို ရခိုင်ပြည်ဘက်ကို မသယ်ရဆိုပြီး တားထားတာဖြစ်တယ်။ အခု ဇွန်လ ၂၈ ရက်နေ့မှာ လိုင်တလိုင်မှာ ရှိနေသေးတဲ့ ရခိုင်က ကုန်သည်တွေ တည်းနေတဲ့ ဟိုတယ်တွေအထိလာပြီးတော့ ဇွန်လ ၃၀ ရက်နေ့မှာ ခရိုင်အတွင်းက ထွက်သွားကြဖို့ ဆိုပြီး လာပြောသွားတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်အတွင်းဖြစ်ပွားနေကြတဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ချင်းတပ်တွေနဲ့ ချင်းညီနောင်(CB) ဦးဆောင်တဲ့ ချင်းတပ်တွေကြားဖြစ်ပွားနေတဲ့ မတူပီမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ ညီနောင်တပ် CB ဘက်က အာရက္ခတပ်တော်(AA) ဝင်ရောက်တိုက်ခိုက်နေတာကို အကြောင်းပြပြီး လောင်တလိုင်းခရိုင်အတွင်းက ကုန်စည်တွေကို ရခိုင်ပြည်နယ်ကို တင်သွင်းခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အခုလို ကုန်သည်တွေကို နှင်ထုတ်တာကြောင့် အများကြီးနစ်နာပြီး ကြိုတင်ပြင်ဆင်ခွင့် မရလိုက်ကြဘူးလို့ နောက်ထပ် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။

“ကုန်သည်တွေက ကုန်ပစ္စည်းတွေ ဝယ်ယူထားကြသူတွေ အများကြီးရှိတယ်။ အခု အဲဒီ ကုန်စည်တွေကို သယ်ခွင့်မပေးဘဲ လောင်တလိုင်းခရိုင်အတွင်းမှာပဲ ထားခဲ့ရမယ်လို့ ပြောတယ်။ ကုန်သည်တွေမှာလည်း သိန်းထောင်နဲ့ချီပြီး ဝယ်ထားကြရတာဆိုတော့ ဒီကုန်စည်တွေကို ဒီအတိုင်းထားခဲ့ရမဲ့ အခြေအနေမှာရှိတယ်။ သူတို့ကတော့ ဝယ်ယူခဲ့တဲ့ ဆိုင်မှာပြန်ထားခဲ့ဖို့ ပြောပေမဲ့လည်း အဲဒီဆိုင်တွေကလည်း ကျနော်တို့ရဲ့ ငွေတွေကို ချက်ချင်းပြန်မပေးနိုင်ဘူးပြောတယ်။ လုံးဝ အဆုံးလို့တော့ မဟုတ်ဘူး။ အချိန်တခုအထိ စောင့်ရမယ်လို့ပြောတယ်။ ဆိုတော့ ကျနော်တို့ကို ဒီက လကုန်ရက်မှာ ထွက်ပေးရမယ်ဆိုပြီး နှင်ထုတ်တော့ ကုန်သည်တွေမှာ ကိုယ့်ရဲ့ငွေတွေကိုလည်း ချက်ချင်းမရနိုင်တော့ နစ်နာမှုတွေ အများကြီးရှိတယ်” လို့ ပြောပါတယ်။

လိုင်လူငယ်အဖွဲ့ဟာ လောင်တလိုင်ခရိုင်မှာ နိုင်ငံရေးဩဇာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်တယ်လို့လည်း ကုန်သည်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်းက ကုန်စည်တွေကို ရခိုင်ပြည်ဘက် တင်သွင်းမှုကို လိုင်လူငယ်အဖွဲ့က ပထမတကြိမ် ပိတ်ဆို့ခဲ့ပြီးနောက် ULA တာဝန်ရှိသူတွေနဲ့ CYLA တာဝန်ရှိသူတို့ကြား ညှိနှိုင်းခဲ့ကြပြီး ဇွန် ၁၂ ရက်နေ့က ပြန်ဖွင့်ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၂ ပတ်နီးပါးအကြာ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေမှာ AA ပါဝင်နေတာကို အကြောင်းပြပြီးတော့ ထပ်မံပိတ်လိုက်တာဖြစ်ပါတယ်။

လိုင်လူငယ်ဘက်က ရခိုင်ပြည်ကိုကုန်စည်စီးဆင်းမှု ပိတ်ဆို့နေတာဟာ အိန္ဒိယရဲ့ ကုလားတန် စီမံကိန်းကို ထိခိုက်လာနိုင်တာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ရခိုင်က တက်ကြွလူငယ်တယောက်က ပြောပါတယ်။

“လောင်တလိုင်ဘက်က ရခိုင်ကို ကုန်စည်စီးဆင်းမှုကို ပိတ်ဆို့နေတာဟာ အနာဂတ်မှာ ကုလားတန်စီမံကိန်းကို ထိခိုက်မှုရှိလာနိုင်တယ်လို့မြင်တယ်။ ချင်းလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လိုင်လူငယ်အဖွဲ့က ဒေသတွင်းမှာအာဏာရှိလို့ ကုန်သည်တွေကို အနိုင်ကျင့်တယ်ဆိုပေမဲ့ အနာဂတ်ကို ကြည့်တတ်ဖို့အရေးကြီးတယ်။ ဒီအချိန်မှာ အိန္ဒိယဘက်က ရခိုင်ကိုဖိနှိပ်တဲ့ ပုံစံမျိုးလုပ်နေရင် အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဖြစ်တဲ့ ကုလားတန်စီမံကိန်းဟာ ရခိုင်ပြည်က စတင်ရမှာဖြစ်တာကြောင့် အိန္ဒိယအစိုးရ အနေနဲ့ လက်ရှိမြှုပ်နှံထားတဲ့ ဒေါ်လာသန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ စီမံကိန်းကြီးကို ရှေးရှုပြီးတော့ ဒီအခြေအနေတွေကို ထိန်းကွပ်ဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

အိန္ဒိယအစိုးရဲ့ ကုလားတန်စီမံကိန်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်ပြီး လက်ရှိမှာ စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြို့နယ်အများအပြားကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ရခိုင်ဘက်ကို ကုန်စည်တင်ပို့နေတဲ့ လောင်တလိုင်-ပလက်ဝ လမ်းကြောင်းမှာ ဇန်နဝါရီလအတွင်းက ပလက်ဝမြို့ကို AA သိမ်းပိုက်ကတည်းက ကုန်သွယ်မှုပြုလုပ်နေကြတာဖြစ်ပြီး ရခိုင်မြောက်ပိုင်းက မြို့နယ်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူရာမှာအရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024