Home
မြန်မာသတင်း
နွားထိုးကြီး၊ မတ္တရာနှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
June 24, 2024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာကို ဇွန် ၂၃ ရက်မနက် ၈ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ​တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတဦးက “အခုမီးရှို့ခံရတဲ့ရွာနားမှာ အရင်နေ့တွေက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာလည်း စစ်(--) တွေဘက်ကအထိနာပြီး ပြန်ဆုတ်သွားရင်း ကျောက်တန်းရွာကို၀င်ပြီး မီးရှို့တာ။ စစ်ရေးနဲ့မဆိုင်တဲ့ ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့တာက စစ် (-) တပ်ရဲ့ အယုတ်မာဆုံးလုပ်ရပ်ပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်တန်းကျေးရွာက လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ တိမ်းရှောင်လာတဲ့ ရွာခံတဦးက ပြောပါတယ်။ 

“ထွက်ပြေးဆို ရွာလုံးကျွတ်နီးပါးပဲ။ ပစ္စည်းတွေ၊ နွားတွေတော့ ဘယ်သယ်နိုင်မလဲဗျ။ ကောက်ခါငင်ကာ ထွက်ပြေးလာရတာကို။ သူတို့က ရွာထဲမှာနေပြီး တနေကုန်ရှို့နေတာ။ အိမ်တော်တော်များများလောင်တဲ့ သဘောမှာရှိနေတယ်။” 

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၂၃ ရက် ညနေအထိ ကျောက်တန်းကျေးရွာထဲမှာရှိနေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးလာရတဲ့ရွာခံတွေဟာ ကျေးရွာအတွင်းကို ပြန်မ၀င်နိုင်ကြသေးဘဲ အနီးအနားကကျေးရွာတွေအပါအ၀င် ဘေးလွတ်ရာနေရာတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ကလည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတွေဘက်က သေဆုံးဒဏ်ရာရသူများတဲ့အတွက် ပြန်လည်ဆုတ်ခွာသွားကြရင်း ဖောင်ချင်းကျေးရွာ၊ အကျည်းကုန်းကျေးရွာ၊ နဘူးတောတောင်ကျေးရွာနဲ့ နဘူးတောမြောက်ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေတလိုင်းကျေးရွာကိုလည်း ဇွန် ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “မနက် ၅ နာရီကျော်ကျော်လောက်ရှိဦးမယ်။ စစ်ကား ၅ စီးနဲ့ စစ်သားတွေက ရွာထဲကို သေနတ်တွေဖောက်ပြီး၀င်လာကြတာ။ ရွာထဲကလူတွေလည်း ရွာပြင်ကို ကစဥ့်ကလျားပြေးကြရတာပေါ့ဗျာ။ ပြေးရင်းလွှားရင်း သူတို့နဲ့တိုးတဲ့ရွာသား ၁၀ ယောက်လောက်ကိုလည်း ဓားစားခံသဘောနဲ့ ဖမ်းထားတယ်။ ၈ နာရီခွဲလောက်ကျတော့ မီးရှို့တော့တာပဲ” လို့ DVB ကို ပြောပါတယ်။

အင်အား ၁၀၀ ၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ မြွေတလိုင်းကျေးရွာအတွင်းက လူနေအိမ်တူတွေထဲ ၀င်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေ၊ ငွေသားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

“သူတို့တွေ ၁၀ နာရီလောက်မှာ ရွာထဲကပြန်ထွက်သွားကြတယ်။ ကျမတို့ကတော့ ၁၁ နာရီလောက်မှ ရွာထဲပြန်၀င်လာကြတာပါ။ အိမ် ၂ လုံးကတော့ လုံးလုံးပြာကျတယ်။ ၃ လုံးကိုတော့ ဖျက်ဆီးခံရတယ်။ ရွာထဲက ဆိုင်ကယ် ၁၀ စီးလောက်လည်း ကားပေါ်တင်ယူသွားကြတယ်၊ ပိုနိုင်သေးတယ်နော်၊ အဖိုးတန်ပစ္စည်းတွေ မနည်းဘူး ပါကုန်တာ။ တရွာလုံး ပေါင်းလိုက်ရင် ဘယ်နည်းမလဲ” လို့ မြွေတလိုင်းကျေးရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ မြွေတလိုင်းရွာခံ ၁၀ ဦးကိုတော့ စစ်ကောင်စီတပ်သားတွေ ရွာထဲက ပြန်ထွက်သွားချိန်မှာ လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အခုရက်ပိုင်း မြွေတလိုင်းရွာ၀န်းကျင်မှာ တိုက်ပွဲမဖြစ်သလို စစ်ရေးလှုပ်ရှားမှုလည်း မရှိဘူးဗျ။ ‌ေ-း တွေက သေနတ်အားကိုးပြီး ဒီရွာကို ဓားပြလာတိုက်ကြတာ” လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြေပါတယ်။

မြွေတလိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်သွားတဲ့ စစ်​ကောင်စီတပ်ဖွဲ့၀င်တွေဟာ နေ့လယ်ပိုင်းမှာလည်း မြွေဟင်္သာကျေးရွာအတွင်းက လူနေအိမ်တွေကို ၀င်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ဆန်၊ ဆီ အစရှိတဲ့ စားသောက်စရာတွေကိုလည်း လုယူသွားကြသေးတယ်လို့ ဒေသခံတွေဆီကနေ သိပါတယ်။

မတ္တရာမြို့နယ်ဟာ ဒေသပြည်သူ့ကာကွယ်တေပ်ဖွဲ့တွေ အင်အားကောင်းတဲ့ မြို့နယ်တခုဖြစ်ပြီး တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို ၀င်ရောက်ပြီး ပစ္စည်းတွေယူဆောင်တာ၊ ရွာတွေကို မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကြေးနီထုတ်လုပ်ရေး လက်ပံတောင်းတောင် ဝမ်‌ပေါင်ကုမ္ပဏီ အနီးတဝိုက်က ကျေးရွာ ၇ ရွာက ပြည်သူ ထောင်နဲ့ချီ စစ်ဘေးရှောင်‌နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကနေ စစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတာကြောင့် အခုလို ထွက်ပြေးနေကြရတာလို့ သိရပါတယ်။

ဝက်မှေးရွာက ပြည်သူတဦးက “ပြေးရတာက ဇွန်လ ၁၉ ရက်နေ့ကတည်းက ညောင်ပင်ကြီးရွာရဲစခန်းက တောင်ဘက်ကို စကစစစ်ကြောင်း စထွက်တယ်။ အဲဒီလိုစထွက်လာပြီး ထန်းတောရွာကို တထောက်နား တပ်စွဲတယ်။ အဲဒီလိုတပ်စွဲတော့ ရွှေလှေ၊ ဝက်မှေး၊ ကံတောရွာက ပြည်သူတွေ စထွက်‌ပြေးနေကြရတယ်။ ဒီနေ့လည်း ထန်းတောရွာကနေ တောင်ဘက်ထပ်ပြီး စစ်ကြောင်းထိုးလာလို့ နောက်ထပ် ကျေးရွာတွေက ထပ်ပြီး စစ်ဘေးရှောင်ကြရတယ်” လို့ ပြောပါတယ်။

ထပ်ပြီး ထွက်ပြေးရတဲ့ ကျေးရွာတွေကတော့ အိုးမရွာ၊ ပလောင်ရွာ၊ ကူးတို့ကုန်း၊ ထန်းတောရွာ၊ ရွှေလှေရွာ၊ ဝက်မှေးရွာ၊ ကံတောရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတောင်းပင်မသပိတ် ဦးဆောင်သူလည်းဖြစ်၊ စစ်ဘေးရှောင်များအရေး ကူညီပေးသူလည်း ဖြစ်တဲ့ ကိုအောင်မင်းက “စစ်ဘေးရှောင်တွေက ထပ်ပြီးထိုးလာတယ်။ စစ်ဘေးရှောင်က ရက်ရှည်လာတော့ ကျနော်တို့ စားသောက်စရာ ဆန်၊ ဆီ၊ ဟင်းချက်စရာတွေ လိုလာအပ်လာပြီဗျ။ စစ်ကြောင်းက နောက်ပြန်ဆုတ်မသွားလို့ကတော့ ဒီထက်မက စစ်ဘေးရှောင်တွေ တိုးလာဦးမယ်ဗျ။ ဒီနေ့လည်း စစ်ကြောင်းထိုးလာပြီး ရွှေလှေရွာထဲဝင်နေတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၃ ခုနှစ် ဇွန် ၉ ရက် ညနေခင်းပိုင်းမှာ ညောင်ပင်ကြီး ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်ကာ ပြည်သူ့နေအိမ်တွေကိုပါ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတာ တနှစ်ကျော်နေပြီလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024