Home
နိုင်ငံတကာ
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်
DVB
·
June 24, 2024
Photo-Reuters

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ဟာ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ဖို့ ဇွန် ၂၂ ရက်မှာ သဘောတူခဲ့ပြီး ပင်လယ်ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာအခြေပြု စီးပွားရေး၊ အာကာသနဲ့ တယ်လီကွန်ဆက်သွယ်ရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်ကို တန်းညှိုဖို့နဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံ ဖြစ်လာစေဖို့ အိန္ဒိယအစိုးရက သူ့ကိုယ်သူ အင်အားပြနေချိန်မှာ ခုလိုအကွက်ရွှေ့လိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွင်း ခုလို ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်။

ဇွန် ၂၁ ရက်က အလည်အပတ်ရောက်လာတဲ့ ဟာစီနာကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ဇွန် ၂၂ ရက်မှာ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံတို့ဟာ မြစ်ရေမျှဝေမှု၊ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဟာစီနာက သတင်းထောက်တွေကို နယူးဒေလီမြို့တော်မှာ ပြောပါတယ်။

ဟာစီနာဟာ အိန္ဒိယ စက်မှုခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး ပိုကြီးတဲ့ ဆိပ်ကမ်းတွေ၊ ရေကြောင်းနဲ့ မီးရထားလမ်းတွေ၊ ကားလမ်းတွေကို ချိတ်ဆက်ဖို့ စီစဉ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေခံအဆောက်အဦတွေ တိုးချဲ့တည်ဆောက်ဖို့ ကျန်ခဲ့တဲ့ ၈ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ချေးပေးခဲ့ပါတယ်။

၂ နိုင်ငံကုန်သွယ်ရေးဟာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံအထိ ရောက်ခဲ့ပါတယ်။

အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဝါ၊ ကား၊ သကြား၊ သံ၊ သံမဏိ၊ အလူမီနီယံ၊ လျှပ်စစ်နဲ့ အီလက်ထရောနစ် ပစ္စည်းကိရိယာတွေကို တင်ပို့နေတာပါ။

ကောက်ပဲသီးနှံ၊ စက္ကူပျော့ဖတ်၊ ဘိလပ်မြေနဲ့ ကုန်ကြမ်းတွေကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ပြန်တင်သွင်းနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းပြီး ကုန်ကြမ်းတွေနဲ့ပတ်သက်လို့ အဓိက ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အတွက် တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရတာဟာ တရုတ်ရဲ့ အဓိကပြိုင်ဘက် အိန္ဒိယနဲ့ အမေရိကန်တို့နဲ့ သံတမန်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ဟန်ချက်ထိန်းညှိတဲ့နေရာမှာ စိန်ခေါ်မှု ဖြစ်လာတာပါ။

ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်ပတင်ပို့ကုန်ကနေရတဲ့ နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ဟာ အထည်ချုပ်လုပ်ငန်းအပေါ် မှီခိုနေရပြီး ကုန်ကြမ်းတွေအတွက် တရုတ်နိုင်ငံကို အကြီးအကျယ် အားကိုးနေရပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024