Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ပင်လောင်းနှင့် ပခုက္ကူတွင် ကလေးငယ် ၂ ဦး သေဆုံး
DVB
·
June 23, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့တဲ့ အသက် ၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်ဟာ ဆေးကုသနေရင်း သေဆုံးခဲ့ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ကလေးငယ် တယောက် သေဆုံးခဲ့ပါတယ်။

ဇွန် ၂၀ ရက်နေ့မှာ ဆောင်းပြောင်းရွာမှာရှိတဲ့စစ်တပ်က လင်ခံရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ကပ်လျက်ရွာဖြစ်တဲ့ နမ်းဖာမူရွာက အိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲလို့ မိသားစုဝင် ၄ ယောက် ဒဏ်ရာရခဲ့တာပါ။

အဲဒီမိသားစုဟာ လင်ခံရွာကနေ နမ်းဖာမူရွာကနေ စစ်ရှောင်လာရင်း အခုလို လက်နက်ကြီး ထိမှန်တာဖြစ်ပြီး အငယ်ဆုံးသမီးဖြစ်သူ မလပြည့်ဝန်းဟာ ရတဲ့ဒဏ်ရာတွေကို ဆေးကုသနေရင်း ဇွန် ၂၂ ရက် မနက်ပိုင်းမှာ သေဆုံးသွားခဲ့တာပါ။

လင်ခံရွာသားတယောက်က “သူက အသက်ငယ်သေးတယ်။ ၁ နှစ်နဲ့ ၈ လပဲ ရှိသေးတယ်။ အာဏာရူးတွေကြောင့် အပြစ်မဲ့တဲ့ ကလေးဆုံးသွားရှာတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲကြောင့် လင်ခံရွာထဲကို ပြန်ဝင်ခွင့်မရဘဲ မလပြည့်ဝန်းကို သင့်တော်ရာ သုသာန်မှာ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ကူညီပေးခဲ့သူတယောက်က ပြောပါတယ်။

သူက ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပေမဲ့ မလပြည့်ဝန်းတို့ရဲ့ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအတိုင်း သံဃာတွေ ပင့်ဖိတ်တရားနာတာ၊ မေတ္တာပို့ အမျှဝေတာတို့ လုပ်ပေးခဲ့သလို ရွာသူရွာသားတွေနဲ့စုပေါင်းပြီး အသုဘပွဲအတွက် တာဝန်ယူအကုန်ကျခံပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပင်လောင်းမြို့တောင်ဘက်မှာ ဇွန် ၁၇ ရက်နေ့ကစပြီး  ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အဆမတန် ပစ်ခတ် နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကြက်ရှာရွာမှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ကလေးငယ် သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မြစ်ခြေမြို့၊ သရက်တောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကြက်ရှာရွာအနောက်ဘက် ဇီးတောထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်ထဲက အသက် ၂ နှစ်နဲ့ ၃ လ အရွယ် မိန်းကလေးငယ် လက်နက်ကြီးစထိမှန်သေဆုံးခဲ့ပြီး မိခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေမြို့ခံတယောက်က“ရွာအနောက်ဘက်က ဇီးတောထဲကျတာ။ သူတို့မိသားစုက ဇီးတောမှာ နေတာလေ။ ကလေးကတော့ ၂ နှစ်ကျော်လေးပဲ ရှိသေးတာ။ လက်နက်ကြီးအစထိပြီး တခါတည်း ဆုံးသွားတယ်၊ သူ့အမေကတော့ ဒဏ်ရာနည်းနည်းပါးပါးရတယ်” လို့ ပြောပါတယ်။

သရက်တောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေလို့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေဟာ ဗုံးခိုကျင်းတွေ တူးပြီး နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024