Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က ကုန်ဈေးနှုန်းတက်လို ဖမ်းဆီးစစ်ဆေးတာကလွဲလို ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်တာမရှိဘဲ ပြည်သူများ ပိုပြီးကျပ်တည်းလာ
DVB
·
June 23, 2024

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ နွေရာသီမှာပဲ စက်သုံးဆီနဲ့ စိုက်ပျိုးရေး သွင်းအားစုဈေးတွေ ဆက်တိုက်မြင့်တက်လာသလို အခြေခံစားကုန်နဲ့ လူသုံးကုန်ဈေးတွေကလည်း မကြုံစဖူး မြင့်တက်လာပါတယ်။

ဆန်ဈေးတွေက အာဏာမသိမ်းခင်ကထက် ၃ ဆကနေ ငါးဆအတွင်း မြင့်တက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆန်စပါးလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ဇွန်လဆန်းမှာလည်း ရွှေနဲ့ ဒေါ်လာ ရောင်းဝယ်သူတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး အခုအခါမှာ ဆန်လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဆီကုန်သည်နဲ့ လူသုံးကုန်၊ စားကုန်တင်သွင်းတဲ့လုပ်ငန်းရှင်တွေကိုလည်း မကြာခဏ ခေါ်ယူ စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ဒီလို စစ်ဆေးမေးမြန်းတာတွေ၊ ဖမ်းဝရမ်းထုတ်နိုင်တာကလွဲလို ရွှေနဲ့ ဒေါ်လာငွေကြေး အပါအဝင် ဆန်၊ ဆီ စတဲ့ အခြေခံစားကုန်ကအစ မည်သည့်ပစ္စည်းမှ ဈေးကျလာအောင် အကြမ်းဖက်စစ်တပ်က ဆောင်ရွက်နိုင်တာ မရှိဘဲ ဈေးတွေက တက်မြဲတက်လျက်ရှိနေပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းနဲ့ ပတ်သက်ပြီး ဝါရင့်စီးပွားရေးပညာရှင်တဦးကတော့ အခုလို သုံးသပ်ပါတယ်။

“တကယ်လုပ်ရမယ့် ပုံစံကတော့ မူလတုန်းက သူတို့မတိုင်ခင်က ဖြစ်တဲ့အနေထားအတိုင်း လုပ်ရမှာ။ သို့ရာတွင် အခုက ဖြေလို့မရတော့ဘူး။ အခုက ဒီဇာတ်လမ်းကို သူတို့ဖြေလို့မရတော့ဘူး။ သူတို့ရှင်းလို့မရတော့ဘူး။ ခုနပြောသလို နောက်စနစ်တခု အုပ်ချုပ်မှုစနစ်တခုနဲ့ နောက်ပေါ်လစီတစ်ခုနဲ့ ဝင်ကိုင်လိုက်တော့မှ သူ့ဟာနဲ့သူ ဇာတ်လမ်းက ပြေသွားမှာ သိလား။ သူတို့ဟာနဲ့သူတို့ ဖြေရှင်းမယ်ဆိုရင်တော့ ဒီနည်းပဲ ဖြေရှင်းမှာပဲ။ ဒါ သူတို့လုပ်တတ်တဲ့နည်းပဲ။ သူတို့လုပ်လေ့ရှိတဲ့ နည်းပဲ။ ဘာလို့ဆို သူတို့ စကိုင်ကတည်းကိုက မဟာဗျူဟာအမှားကြီးကို ကိုင်ထားတာလေ”

အာဏာရူး နေဝင်းလက်ထက်မှာ ပြည်သူပိုင်စက်ရုံ အလုပ်ရုံ လုပ်ငန်းတော်တော်များများကို သိမ်းယူလိုက်ကတည်းက မြန်မာ့ထုတ်ကုန်လုပ်ငန်းဟာ ဦးကျိုးသွားခဲ့ရပြီး အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်တွေအတွက် တရုတ်နဲ့ ထိုင်းနိုင်ငံကို မှီခိုလာခဲ့ရပါတယ်။ တရုတ်နိုင်ငံက အရည်အသွေးညံ့ဖျင်းတဲ့ ထုတ်ကုန်တွေကို ဈေးပေါပေါနဲ့ တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် ပြည်တွင်းထုတ်ကုန်လုပ်ငန်းတွေ နာလန်မထူနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ အခုလို အကြမ်းဖက်စစ်တပ်က ဒေါ်လာငွေကြေးအခက်အခဲ ဖြစ်လာသလို ပို့ကုန်ရငွေတွေအချို့ကို ကြိုက်ဈေးဖြတ်ပြီး ခေါင်းပုံဖြတ် ရယူလာခဲ့တဲ့နောက် ပုဂ္ဂလိကပိုင်းမှာ ဒေါ်လာငွေကြေးနည်းပါးလာသလို သွင်းကုန်လုပ်ငန်းတွေကို ထိခိုက်လာပါတယ်။ ဒါကြောင့် တနေ့ကို တန်ချိန် ၁၆၀၀ လောက် အချိန်မီဖြန့်ဖြူးနေရပြီး ဒေါ်လာငွေနဲ့ ဝယ်သုံးရတဲ့ စားအုန်းဆီကို လာမယ့်နှစ်မှာ ရပ်ဆိုင်းသွားဖို့ အကြမ်းဖက်စစ်တပ်က ပြင်ဆင်နေပါတယ်။

လတ်တလောမှာ ပြည်တွင်းစားသုံးဆီ သုံးစွဲမှုရဲ့ ၆၅ ရာခိုင်နှုန်းလောက်အသုံးပြုနေတဲ့ စားအုန်းဆီက ဈေးကွက်ထဲမှာ ရှားပါးလာတဲ့အခြေအနေကို စတင်ကြုံတွေ့နေရပါတယ်။ စားသုံးဆီ အပါအဝင် ဆန်နဲ့ အခြားကုန်ပစ္စည်းတွေ ရှားပါးလာတဲ့ အခြေအနေကို ရန်ကုန်မြို့က အိမ်ရှင်မတဦးက အခုလို ပြောပါတယ်။

“စားအုန်းဆီ ပိတ်လိုက်တယ်ဆိုရင် ပြည်သူလူထုက ငတ်ပြီး သေမှာပေါ့။ ဘာနဲ့ သွားစားမလဲ။ သောင်းလေးထောင်၊ သောင်းငါးထောင် ဆိုတာ တစ်နေ့မှ တသောင်းကျော်လောက် ရတဲ့သူတွေက ဆန်ဝယ်စားရတာ၊ ဆန်ဈေးကလည်း ရိုးရိုးဆန်တောင် ခြောက်ထောင်၊ ခုနစ်ထောင် ဖြစ်နေတာ။ ဘယ်လိုလုပ် သွားစားနိုင်မလဲ။ ထားပါတော့၊ ငါးထောင်ငါးရာနဲ့ တပြည်လောက် ဝယ်စား၊ ဆီတဘူးကို ခုနစ်ထောင်လောက်နဲ့ ဝယ်စားနေရရင် တနေ့ကို ကျန်တဲ့ဟာ ဘာသွားဝယ်စားမလဲ။ ဟုတ်တယ်မလား။ အဲဒီလိုမျိုးတွေ ရှိတယ်”

အကြမ်းဖက်စစ်တပ်ဟာ စစ်အာဏာသိမ်းမှုကို ရရာလက်နက်နဲ့  ဆန့်ကျင်တော်လှန်နေတဲ့ ပြည့်သူ့ဘက်တော်သားတွေကို ယှဥ်ပြိုင်နိုင်တာမရှိသလို အခြေခံစားဝတ်နေရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ အာဏာသိမ်းအဖွဲ့အစည်းအဖြစ် အရှက်ကင်းမဲ့စွာနဲ့ ဆက်လက်တည်ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024