Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီ (အာရှ)လမ်းကို စစ်တပ်က ထိုးဖောက်ရန်ကြိုးစားနေပြီး တိုက်ပွဲပြင်းထန်
DVB
·
June 19, 2024
Photo: CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီတပ်ဘက်က ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူအပြင် လေကြောင်းကနေ စောင့်ကြည့်နေတယ်လို့  နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့  ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီက နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ၂ လ နီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌ဘဲ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ခံနေရတဲ့အပြင် ထိခိုက်သေဆုံးသူများပြီး ရှေ့မတိုးနိုင်ဘဲ ရှိနေပါတယ်။

နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ဗိုလ်ဆံရှည်က “ဒီဘက်မှာတော့ ခါတိုင်းလိုပဲ။ သူတို့က လှမ်းပစ်တယ်။ ညတုန်းကတောင်မှ ဟောင်ဝှစ်ဇာ ၃ လုံး၊ ၁၂၀  ၃ လုံး ရွာထဲတွေ ပစ်ချတယ်။ ဒရုန်းတွေနဲ့ ခဏခဏ လာလာပစ်တယ်။ မနေ့ညတုန်းက အာရှလမ်းဘက် Y21 လာပတ်သေးတယ်။ လေကြောင်းကတော့ ချသံတော့ မကြားဘူး။ လာတယ်။ ၁ ရက်တည်းကို ၄ ၅ ၆ ခေါက်လောက်ကြားတယ်။ အဲဒီဘက်က နေ့တိုင်း ကွက်ကျားဖြစ်နေတယ်။ သူတို့က တက်တက်လာတဲ့အခါကျတော့ မဖြစ်ဘူးလို့လည်း မရဘူး။ ကျနော်တို့က ပစ်နေရတယ်”လို့ ပြောပါတယ်။

ဒါအပြင် အာရှလမ်းမကြီးပေါ် ညတိုင်းလိုလို စစ်ကောင်စီတပ်ဘက်က ကားတန်းတွေ လှုပ်ရှားသွားလာတာ ပိုမိုလုပ်ဆောင်လာပြီး ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်မှာ  ထိခိုက်သေဆုံးသူများပြီး ရှေ့မတိုးနိုင်ဘဲ ရှိနေတယ်လို့  နဂါးဖြူစစ်ကြောင်းတပ်ခွဲ ၁ တပ်ခွဲမှူးက ပြောပါတယ်။

ဗိုလ်ဆံရှည်က “ကားတန်းတွေ တက်တာလား။ ဆင်းတာလားတော့ မသိဘူး။ ခဏ ခဏ ကြားနေရတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ တကယ် တကယ်တော့ ရှေ့မတိုးနိုင်ဘူး။ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပြီး လှမ်းလှမ်းပစ်တာတော့ ရှိတယ်။ သူတို့ တက်လာတိုင်း  တပ်က လန်လန်ကျသွားတယ်။ သူတို့(စစ်ကောင်စီ)ဘက် တော်တော်လေးကို ကျတယ်။ ဒါကြောင့်မို့ နာလန်မထူနိုင်ဘူး။ အားလုံးက သွားလိုက်။ တက်လိုက်။ ပြန်ဆင်းလိုက်။ နေရာမှာ ပြန်နေလိုက်။ အလုံးကြီးနဲ့ ပစ်လိုက်။ ဒရုန်းနဲ့ ပစ်လိုက်ပဲ”လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ တဘက်မှာလည်း စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီး ပစ်ခတ်နေပါတယ်။ ဒါအပြင် စစ်ကောင်စီက ကော့ကရိတ်မြို့တွင်းကတဆင့် လူ လက်နက်ခဲယမ်း ဖြည့်တင်းနေတယ်လို့  မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “စစ်ကောင်စီတပ်ဘက်က အရပ်ဝတ် အရပ်ကားတွေ အသုံးပြုပြီး အင်အားဖြည့်တင်းနေတယ်။ ကားကြီး ၆ ဘီးတွေ ၁၀ ဘီးတွေနဲ့ ပစ္စည်းတွေ ခိုးခိုးပြီးတင်လာတာတွေ ရှိတယ်။ တခါတလေကျရင် တာလပတ်တွေနဲ့ ဖုံးလာပြီး ဖြတ်သွားတာ ရှိတယ်။ နောက် ဒီ ၂ ရက် ၃ ရက်အတွင်းမှာ  လက်နက်ကြီးတွေ ဒရုန်းတွေ ဆက်တိုက်ပစ်နေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်ဖို့ KNU လက်အောက်ခံ KNLA တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းထားတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းနဲ့ ဒေါနတောင်ခြေအနီးက စစ်ရှောင်ကျေးရွာတွေအတွင်းကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သားနေ အိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ 

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024