Home
မြန်မာသတင်း
၂ ပတ်ကျော်ကြာ ပိတ်ထားသည့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်
DVB
·
June 13, 2024
Photo Crd- CJ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ဇွန် ၁၂ ရက်ကစတင် ပြန်လည်ဖွင့်လိုက်တယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CYLA က ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၅ ရက်ကတည်းက လောင်တလိုင်ခရိုင်အတွင်းကနေ ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်တင်ပို့နေတာတွေ Central Young Lai Association (CYLA) က ကန့်သတ်ပိတ်ပင်လိုက်တာဖြစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူတွေနဲ့ CYLAတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးကြပြီးနောက် ပြန်ဖွင့်ပေးဖို့သဘောတူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ပြန်လည်ကုန်သွယ်ခွင့်ပြုတာကြောင့် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှုကို အများကြီးအထောက်အကူပြုနိုင်တယ်လို့ ရခိုင်ဒေသခံ စီးပွားရေးသမား တဦးက ပြောပါတယ်။

"စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ဘက်ပေါင်းစုံက ဖိနှိပ်နေချိန်မှာ ဒီကုန်သွယ်ရေးလမ်းကြောင်းက ရခိုင်ပြည်သူတွေအတွက် အသက်ရှုချောင်သွားတာပေါ့။ စားသောက်ကုန်နဲ့ ဆေးဝါးကအစ ကုန်သွယ်ခွင့်ရတော့ ရခိုင်ပြည်နယ်ရဲ့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူပြုတယ်" လို့ပြောပါတယ်။

အခုဖွင့်လှစ်တဲ့ ကုန်လမ်းကြောင်းကို ချင်းပြည်နယ် ပလက်ဝကတဆင့် အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတာဖြစ်ပြီး ပလက်ဝက အာရက္ခတပ်က ထိန်းချုပ်လိုက်ပြီးနောက် စတင်ကုန်သွယ်မှု ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြတာ ၇ အထိရှိလာပြီးဖြစ်ပြီး အာရက္ခတပ်တော်က မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်ရရှိထားကာ နယ်စပ်မြို့တွေဖြစ်တဲ့ ပလက်ဝနဲ့ ဘူးသီးတောင်မြို့တို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင် နယ်စပ်ကုန်သွယ်ရေး စခန်းတွေပါတဲ့ မောင်တောမြို့နယ်ကို အပြန်းအထန် ထိုးစစ်ဆင်နေပြီး နပခ ရှိတဲ့ အမ်းမြို့နဲ့ သံတွဲမြို့နယ် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024