Home
မြန်မာသတင်း
မတ္တရာမြို့နယ်က ရွာနှစ်ရွာကို စစ်တပ် မီးရှို့၊ နတ်မောက်နှင့် ပုလောတွင် တိုက်ပွဲဖြစ်
DVB
·
June 12, 2024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရှင်လှ တောင်ရွာနဲ့ ရှင်လှ အလယ်ရွာကို စစ်တပ်က ဒီနေ့ ဇွန် ၁၂ ရက် မနက် ၈ နာရီက စတင်ကာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ မနက်အစောပိုင်း ၄ နာရီကစတင်ကာ မတ္တရာမြို့နဲ့ မန္တလေးမြို့ဘက်ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်း ၂ ကြောင်း ပူးပေါင်းပြီး ရွာကို မီးရှို့နေကြတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “မနက်ခင်း ၈ နာရီကစပြီး မီးရှို့နေတာဗျ။ အခု‌ ‌နေ့ခင်း ၁၂ နာရီကျော်တဲ့အထိ မီးခိုးက မရပ်သေးဘူး။ ဘာကြောင့်မီးရှို့တာလဲတော့ မသိဘူး။ ဘာအကြောင်းဖြစ်ဖြစ်ပေါ့ဗျာ ရွာတွေကိုတော့ အခုလို မီးမရှို့သင့်ဘူးလေ။ ရွာဆိုတာတော့ ပြည်သူအများနေထိုင်ကြတာပဲ။ သူတို့ကို ဆန့်ကျင်သူလို့ သတ်မှတ်တဲ့သူကို မိအောင်ဖမ်းပြီး အရေးယူပေါ့။ အခုဟာက ဝါးလုံးသိမ်းလုပ်ပြီး ရွာကိုမီးရှို့တာကတော့ ဘယ်သူမှလက်မခံဘူးလေ။ အဲလိုလုပ်လေ ပြည်သူက မခံချင်စိတ်နဲ့ တော်လှန်ကြမှာပေါ့။ ပြည်သူကို စည်းရုံးရေးနဲ့မသွားဘဲ အခုလို အကျိုးစီးပွားပျက်အောင် လုပ်လို့ကတော့ ဒီအရေးအခင်းကြီးက ကြာသတဲ့ကို ကြာဦးမယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်ဝင်ရောက်လာမှု‌ကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရပြီး ရွာအတွင်းက‌နေ စစ်တပ်က ထွက်ခွာခြင်းမရှိသေးတာ‌ေကြာင့် မီးလောင်ဆုံးရှုံးတဲ့ အရေအတွက်ကို DVB အနေနဲ့ သီးခြားစုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီဆိုတာနဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ အနီးကပ်တိုက်ဖို့ အဆင်သင့်ရှိ‌နေတာပဲ။ အခုဟာတော့ ဒီရွာအနီးမှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ကို ရွာကိုမီးရှို့တာဗျ။ အဲဒီရွာကို မီးရှို့ပြီး မွန်းလွဲ ၁ နာရီခွဲကျော်လောက်မှာ ရှင်လှ မြောက်ရွာ (ဒေသအခေါ် ဇလရွာ) ဘက်ကနေ မြောက်ဘက်ကို ဆိုင်ကယ် ၅ စီးလောက်နဲ့ ကင်းစထွက်လာလာတာကို ကျနော်တို့ တော်လှန်ရေးအင်အင်းစုဘက်ကနေ ပိုဝရွာအနီးကနေ ဆီးကြိုပစ်ခတ်တာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မန္တလေးတိုင်းအတွင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တာကို ကန့်သတ်နိုင်ဖို့ရာ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့တို့မှာ စစ်အင်အားအလုံးအရင်း အင်အားဖြည့်တင်းနေတာရှိပြီး မတ္တရာမြို့နယ်ကိုတော့ စစ်ကြောင်း ၂ ကြောင်းဖြန့်ကာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှာတော့ ဇွန် ၁၁ ရက် မနက် ၈ နာရီဝန်းကျင်ကစပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

နတ်မောက် ပကဖ တာဝန်ရှိသူတဦးက “နတ်မောက်နယ် အရှေ့ဘက်ပိုင်းကနေ ဆင်းလာတဲ့ ‌ေ–းတွေက ဖက်တောရေရွာကို မနက် ၈ နာရီလောက်မှာ ဝင်ပြီး မီးရှို့နေတဲ့အချိန် ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်တာပါ။ ‌ေ–းတွေဘက်က သေတာတွေနဲ့ ဒဏ်ရာရတာတွေ ရှိတယ်။ တိုက်ပွဲက အခုညဦးပိုင်းအထိ ဖြစ်နေတုန်းပဲ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ နီးပါးဟာ ဖက်တောရေရွာကို မီးရှို့ပြီး ရွာအပြင်ကနေ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရွာအပြင်ကို မထွက်နိုက်ဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “‌ေ–းတွေလာတဲ့လမ်းမှာကတည်းက မိုင်းဆွဲခဲ့တာ။ ဒီကောင်တွေမှာ Jammer ပါတော့ ကျနော်တို့မိုင်းတွေက အလုပ်မလုပ်တော့ဘူး ဖြစ်သွားတယ်။ ‌ေ–းတွေ ရွာထဲရောက်မှ ရွာထွက်ပေါက်တွေကို ပိတ်ဆို့ထားတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေတော့ ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဖက်တောရေကျေးရွာက ဒေသခံပြည်သူအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ထွက်ပြေးလာသူတဦးက ပြောပါတယ်။

“စစ်သားတွေ ရွာထဲဝင်လာကတည်းက ပြေးလာကြတာ။ ရွာထဲမှာ ရွာခံတွေ မရှိကြတော့ဘူး။ ရွာထဲရောက်နေတဲ့ စစ်သားတွေက အိမ်တွေကို မီးရှို့နေတာ လှမ်းမြင်နေရတယ်။”

အဆိုပါ တိုက်ခိုက်မှုကို သာစည် PDF၊ နတ်မောက်ကျား၊ နတ်မောက် ပကဖ၊ မြို့သစ် ပကဖ၊ အောင်ဆန်းလမ်း ငါးပြေမတပ်ဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန်တပ်ဖွဲ့၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ ၉၀၂ တပ်ရင်း၊ Aru 2 တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ စက်ပြင်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ရှိ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၉ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ကနေ သိရပါတယ်။

ဒါ့အပြင် ဇွန် ၁၀ ရက်၊ မနက် ၇ နာရီလောက်မှာ အဆိုပါစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ စက်ပြင်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PRDF ကနေ သိရပါတယ်။

ဇွန် ၁၁ ရက် မနက် ၆ နာရီလောက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပုလောမြို့ရဲစခန်းကို ပြန်လည် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PRDF ရဲဘော်တွေက ပြောပါတယ်။

PRDF ရဲဘော်တဦးက “စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက တောင်ယာကမ်း၊ လှည်းကျွန်းဝ၊ စက်ပြင်ကြီးအထိ စစ်ကြောင်းထိုးလာတယ်။ ကျနော်တို့နဲ့ စက်ပြင်ကြီးမှာ ပစ်ခတ်မှုဖြစ်သေးတယ်။ သူတို့ဘက်က ပြန်ဆုတ်သွားတော့ နောက်တနေ့မှာ ကျနော်တို့က ပုလောရဲစခန်းကို ပြန်လည်ဝင်ပစ်တာပါ” လို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်တပ်က တိုက်မိုင်းကြောင့် ထိခိုက်သေဆုံးသူ များပေမဲ့ အတိအကျ  စုံစမ်းနေဆဲ ဖြစ်တယ်လို့ PRDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တောင်ယာကမ်းရွာ၊ လှည်းကျွန်းဝရွာနဲ့ စက်ပြင်ကြီးရွာက အရပ်သား ၂၀၀ ကျော် ဇွန် ၁၀ ရက်ကတည်းက စစ်ရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ခွဲ ၅၊ ပုလော ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024