Home
နိုင်ငံတကာ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလက်စတိုင်းသမ္မတ တွေ့ဆုံဆွေးနွေး
DVB
·
October 18, 2023
US Palestine_18102023

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အရှေ့အလယ်ပိုင်းစစ်ပွဲ ပိုကျယ်ပြန့်မလာအောင် သံတမန်ရေးအရ ဆက်လက်ကြိုးပမ်းရင်း ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်နဲ့ အောက်တိုဘာ ၁၇ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

ဂါဇာအပေါ် အစ္စရေးရဲ့ လုပ်ရပ်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်အားနည်း တိုင်းရင်းသား လူမျိုးစုကို ဖယ်ရှားရှင်းလင်းမှုအဖြစ် ပါလက်စတိုင်းအာဏာပိုင်တွေက သတ်မှတ်ခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ် သေနတ်သမားတွေက အစ္စရေး တောင်ပိုင်းမြို့တွေကို ဖြတ်သန်းစီးနင်းမှုအတွင်း လူပေါင်း ၁,၃၀၀ သေဆုံးခဲ့တဲ့အတွက် ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်လှုပ်ရှားမှုကို ချေမှုန်းဖို့ အစ္စရေးက ကတိပြုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အောက်တိုဘာ ၁၈ ရက်မှာ အစ္စရေးနိုင်ငံဆီသွားပြီး အာဘတ်စ်နဲ့ တခြားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ဂျော်ဒန်နိုင်ငံဆီသွားဖို့ စီစဉ်ထားပေမဲ့ ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှုအတွက် အစည်းအဝေး ဖျက်သိမ်းခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ဟားမတ်စ်တွေအပေါ် စစ်ဆင်ရေးဆောင်ရွက်နေချိန် တပြိုင်တည်းမှာပဲ အစ္စရေးနိုင်ငံဟာ လက်ဘနွန်မှာရှိတဲ့ စစ်သွေးကြွတွေနဲ့ပါ လိုအပ်ရင် စစ်မျက်နှာနှစ်ဖက်စလုံးကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးပြီလို့ အစ္စရေး ကာကွယ်ရေးတပ် IDF ရဲ့ ပြောခွင့်ရ ပီတာ လန်နာက ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေကို အောက်တိုဘာ ၁၇ ရက်မှာ သတိပေးခဲ့ပါတယ်။

“ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်တွေကို ကျနော်တို့ ဖြိုခွင်းတဲ့ပုံစံကို သေသေချာချာ ကြည့်ဖို့ ဟစ်ဇ်ဘိုလာတွေနဲ့ လက်ဘနွန်ခေါင်းဆောင်တွေကို ကျနော်တို့ သတိပေးမှာပါ” လို့ ပီတာလန်နာက ထပ်ပြောပါတယ်။

“တကယ်လို့ သူတို့က အစ္စရေးကို ဆက်ခြိမ်းခြောက်ပြီး တိုက်ခိုက်ခဲ့ရင် ကျနော်တို့က တကယ်အတည် အင်အားသုံးမှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။

လက်ဘနွန်-အစ္စရေးနယ်စပ်မှာ အင်္ဂါနေ့က အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့ပြီး လက်ဘနွန်အခြေစိုက် လက်နက်ကိုင် ဟစ်ဇ်ဘိုလာအဖွဲ့က တိုက်ခိုက်ရေးသမားငါးဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ပြီး နောက်ပိုင်း အစ္စရေးက ဂါဇာကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်နေတာပါ။

အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေဟာလည်း ၁၇ နှစ်အတွင်း အဆိုးရွားဆုံးအနေနဲ့ နေ့တိုင်းနီးပါး အပြန်အလှန် ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။

တူရကီအစိုးရဟာ ဓားစာခံဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေ၊ အရပ်သားတွေနဲ့ ကလေးငယ်တွေ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အုပ်စုရဲ့ နိုင်ငံရေးဝါဒီတွေနဲ့ ဆွေးနွေးနေကြောင်း လက်ဘနွန်နိုင်ငံကို ရောက်ရှိနေတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံအများအပြားဟာ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ သူတို့ရဲ့ နိုင်ငံသားတွေကို ဘေးကင်းလုံခြုံစွာ ပြန်လွှတ်ပေးဖို့ တူရကီကို တောင်းဆိုချက်တွေ ပေးပို့ခဲ့တယ်လို့ ဘေရွတ်မြို့တော်မှာ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ စကားပြောဆိုနေတဲ့ တူရကီဝန်ကြီး ဖီဒန်က ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ဖီဒန်ဟာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာနဲ့ စကားပြောဆိုခဲ့ပြီး အဲဒီပြဿနာကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တခုက ပြောကြားခဲ့ပါတယ်။

စနေနေ့မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဆွေးနွေးဖို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို အီဂျစ်နိုင်ငံက လက်ခံကျင်းပမှာဖြစ်ကြောင်းလည်း ဖီဒန်က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒလ္လာ ဘိုဟာဘိဘ် ကလည်း လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတွေရဲ့ တိုက်ခိုက်မှုဟာ အခြေအနေကို ပိုဆိုးရွားအောင် လုပ်နေတာဖြစ်ပြီး ရှေ့တန်းကို ရန်မီးပျိုးဖို့ ခြိမ်းခြောက်နေတာလို့လည်း ပြောသွားပါတယ်။

“ပထမအခြေအနေက တောင်ပိုင်းနယ်စပ်မှာ အစ္စရေးရဲ့ ရန်စမှုတွေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ ဂျာနယ်လစ်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်ခြင်းနဲ့ လက်ဘနွန်စစ်တပ်ရဲ့ ဂိတ်စခန်းတွေနဲ့ UNIFIL (လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့) ရဲ့ စခန်းနေရာတွေကို တိုက်ခိုက်ခြင်းတွေကို ရပ်တန့်ဖို့ပါပဲ” လို့ လက်ဘနွန်ဝန်ကြီး ဘိုဟာဘိဘ်က ပြောပါတယ်။

ဒီလုပ်ရပ်တွေအားလုံးက ထိန်းရခက်မယ့် အခြေအနေတွေကို ဖြစ်ပေါ်လာနိုင်တဲ့ တင်းမာမှုတွေ တိုးလာစေပါတယ်လို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024