Home
နိုင်ငံတကာ
ယူကရိန်းရှေ့တန်းစစ်မျက်နှာရှိ တပ်ဖွဲ့ဝင်များကို သမ္မတ ဇလန်းစကီး သွားရောက်တွေ့ဆုံ
DVB
·
October 4, 2023
WorldNews_Zelenskiy_Reuters_04102023

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ယူကရိန်း အရှေ့မြောက်ဘက်က တပ်မှူးတွေနဲ့ စစ်မြေပြင်အခြေအနေတွေကို အောက်တိုဘာ ၃ ရက်မှာ ဆွေးနွေးခဲ့ပြီး ရုရှားနဲ့ စစ်ပွဲရဲ့ သွေးအပူဆုံး ရှေ့တန်းမျက်နှာစာတွေထဲက တပ်ဖွဲ့တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဇလန်းစကီးက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိဗ်မြို့နားကို ရောက်ခဲ့ပြီး ဧရိယာအတွင်း ကာကွယ်ရေးနဲ့ နိုင်ငံတောင်ပိုင်း ထိုးစစ်တွေအရေးနဲ့ ပတ်သက်လို့ ဘတ်ခ်မွတ်မြို့နားက ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး အိုလက်ခ်စန်ဒါ စီယာ့စ်စကီဆီက တင်ပြချက်တွေကို နားထောင်ခဲ့တယ်လို့ သူ့ရဲ့ ညစဉ် ရုပ်သံမိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

“အရာရာတိုင်းကို ဆုပ်ကိုင်ထားရုံသာ မကဘဲ ငါတို့ရဲ့ အရှေ့ပိုင်းက နယ်မြေတခုလုံးကို ခိုင်ခံ့အောင်ထားဖို့ ခါခိဗ်မြို့က အလွန်အရေးကြီးပါတယ်” လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားက ပိုတိုးတိုက်ခိုက်လာမယ်လို့ မျှော်လင့်ထားပြီး ဆောင်းရာသီအတွက် ပြင်ဆင်ဖို့ သမ္မတက ခါခိဗ်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

အဓိကစက်မှုဗဟိုဖြစ်တဲ့ ခါခိဗ်မြို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီးကတည်းက ခုထိ ရုရှားလက်ထဲ မကျရောက်သေးပါဘူး။

ယူကရိန်းအစိုးရဟာ လွန်ခဲ့တဲ့ လေးလက အရှေ့ဘက်နဲ့ တောင်ပိုင်းမှာ တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပြီးကတည်းက ယူကရိန်းတပ်တွေဟာ နယ်မြေတွေကို တဖြည်းဖြည်း ပြန်ရလာခဲ့တာပါ။ ထိုးစစ်တွေက စစ်ရေးဗျူဟာ ညံ့ဖျင်းတယ်ဆိုတဲ့ နိုင်ငံခြားက ဝေဖန်ချက်တွေကို ဇလန်းစကီးက ပယ်ချခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024