![](https://burmese.dvb.no//wp-content/uploads/2023/08/DVB-International-News-55.jpg)
ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်မှုထမ်းအရွယ် နိုင်ငံသားတွေကို စစ်သားစုဆောင်းရေးရုံးတွေမှာ သူတို့ရဲ့ အချက်အလက်တွေ အသစ်ပေးသွင်းကြဖို့အတွက် သြဂုတ် ၁၇ ရက်က တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ နွေရာသီအတွင်း တန်ပြန်ထိုးစစ်ဆင်မှုက ၃ လထဲ ရောက်လာချိန်မှာ “အကြောက်တရားကို ကျော်လွှားပါ” ဆိုတဲ့ စည်းရုံးရေးကမ်ပိန်းတခု စတင်ပြုလုပ်ခဲ့ပါတယ်။
ဒီကမ်ပိန်းရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာတော့ လူသိများ ထင်ရှား တဲ့ စစ်သားတွေက သူတို့ရဲ့ အကြောက်တရားကို ထုတ်ဖော်ပြသတဲ့ ပုံစံမျိုးနဲ့ အထင်ကြီးဖွယ်ရာ ရိုက်ကူးပြသထားပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာ မာလီယာကလည်း ဒီကမ်ပိန်းဟာ စစ်သားစုဆောင်းမှုရဲ့ အဓိကအတားအဆီးကို ချေဖျက်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ပြောကြားပါတယ်။
ရုရှားနဲ့ စစ်ဖြစ်နေချိန်အတွင်း ယူကရိန်းရဲ့ စစ်သားစုဆောင်းရေး ကမ်ပိန်းမှာ ပိုမိုခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သိရပါတယ်။
၁၈ လနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ဒီစစ်ပွဲဟာ လက်ရှိအချိန်မှာ အလွန်အင်အားဆုတ်ယုတ်လာတဲ့ အပိုင်းအခြားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ယူကရိန်းကမ်ပိန်းရဲ့ အကြမ်းဖျင်းဖော်ပြချက်အရ ကိုယ်ရေးကိုယ်တာ အချက်အလက်အသစ် ပေးသွင်းသူတွေကို အလိုအလျောက် စစ်တပ်ထဲပို့ဆောင်မှာ မဟုတ်သလို စစ်တပ်ထဲ ရောက်လာသူတွေကိုလည်း တိုက်ပွဲနယ်မြေတခုမှာ နေရာချပေးသွားမှာ မဟုတ်ဘူးလို့ ဒုဝန်ကြီးကိုယ်တိုင် အတည်ပြုပါတယ်။
Source - Reuters