Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်
DVB
·
July 25, 2023
North Korea missile

အမေရိကန်ရဲ့ နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Annapolis ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်မှာ တောင်ကိုရီးယားစစ်တပ်က ပြောကြားပါတယ်။

USS Annapolis ဟာ ဇူလိုင် ၂၄ ရက်က တောင်ကိုရီးယား တောင်ပိုင်း ဂျဲဂျူကျွန်းရှိ  ရေတပ်စခန်းကို ဝင်ရောက်ခဲ့ပြီး အတိအကျ ထုတ်ဖော်ပြောမထားတဲ့ စစ်ဆင်ရေးမစ်ရှင် တခုမှာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာခဲ့ကြောင်း တောင်ကိုရီးယားရေတပ်က ပြောပါတယ်။

မဟာမိတ် ၂ နိုင်ငံဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဆယ်စုနှစ် ၄ စု အတွင်း နျူးကလီးယားလက်နက် တပ်ဆင်ထားတဲ့ ပထမဆုံး အမေရိကန် ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော USS Kentucky ဟာ တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင် ၁၈ ရက်က ဆိုက်ကပ်ခဲ့တာပါ။

မြောက်ကိုရီးယားဟာ USS Kentucky ခရီးစဉ်အပြီး နာရီပိုင်းအကြာ ဇူလိုင် ၁၉ ရက်က ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပြီး ဇူလိုင် ၂၂ ရက်မှာ ခရုဇ်ဒုံးကျည် အများအပြားကို ထပ်မံ ပစ်ခတ်ခဲ့ပါတယ်။

တောင်ကိုရီယားရေတပ်စခန်းကို အမေရိကန် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါက ဇူလိုင် ၂၅ ရက်မှာ ရှုတ်ချခဲ့ပြီး ဒုံးကျည်ပစ်လွှတ်မှုဟာ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေလို့ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်လို့ ရှုတ်ချတဲ့အပြင် ကန့်ကွက်မှုတွေလည်း လုပ်ထားကြောင်း ဆိုပါတယ်။

ဒီပြစ်တင်ရှုတ်ချမှုအပေါ် မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်လိုက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ တပ်ဖြန့်ထားမှုကြောင့် သူ့ရဲ့ နျူးကလီးယားလက်နက် အသုံးပြုမှုအတွက် စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024