ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၂၇ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ၄ ရက်တာ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး ဗိုလ်ကြီးအဆင့် ၂ ယောက်အပါအဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ကနေ ၂၁ ရက်အထိ KNLA နဲ့ ပူးပေါင်းအင်အား ၁၀၀ ကျော်ရှိ ဗိုလ်မှူး အောင်မြင့်သိန်းနဲ့ ဗိုလ်မှူး နိုင်ဝင်းတို့ ဦးဆောင်တဲ့ စကခ (၈) လက်အောက်ခံ ခမရ−၄၀၇ တပ်ရင်း၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၄ တပ်ရင်းတို့အကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အဆိုပါ တိုက်ပွဲအတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကတော့ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်းအကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကေအန်ယူနယ်မြေထဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်မပြတ် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးထိ ရှိလာခဲ့ကာ မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။