မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးပေါ် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ဟွာဆုန်း-၁၈ စမ်းသပ်ပစ်လွှတ်မှု ဗွီဒီယိုဖိုင်ကို ပြုံယမ်းအစိုးရ ရုပ်မြင်သံကြားက ဇူလိုင် ၁၃ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဒီစမ်းသပ်ပစ်ခတ်မှုကို ဇူလိုင် ၁၂ ရက်မှာ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ဒီလက်နက်ဟာ သူ့ရဲ့ နျူးကလီးယားတိုက်ခိုက်မှု အင်အားစုမှာ အဓိကအချက်ဖြစ်ပြီး အမေရိကန်နဲ့ တခြားရန်ဘက်တွေကို သတိပေးချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗွီဒီယိုထဲမှာ ဟွာဆုန်း-၁၈ ဒုံးကျည်ကို လမ်းမပေါ်ရှိ TEL လို့ လူသိများတဲ့ ဒုံးပျံသယ်ယာဉ်ပေါ်ကနေ လွှတ်တင်တာဖြစ်ကြောင်း ပြသထားပါတယ်။
TEL ဒုံးပျံသယ်ယာဉ်ဟာ မခန့်မှန်းနိုင်တဲ့ နေရာတွေကနေ ဒုံးကျည်တွေကို ပစ်ခတ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။
တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တွေကနေ အစီရင်ခံတင်ပြကြတဲ့ ဒီပစ်လွှတ်မှုကို အမေရိကန်၊ ဆိုးလ်နဲ့ တိုကျိုရှိ ခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ နျူးကလီးယားလက်နက်တွေ တီထွင်ထုတ်လုပ်တာကို တားမြစ်ကြောင်း ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကို ဇူလိုင် ၁၃ ရက်မှာ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source-Reuters