Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကနီတွင် စစ်သင်္ဘောပေါ်က လောင်စာဆီနှင့် လက်နက်များသိမ်းဆည်းရမိ
DVB
·
February 10, 2023
329159795_2207338002785588_4699740703553733562_n (1)
329128415_591793532379556_2127595186457189517_n
329560557_728049292329835_3299819116286947001_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနဲ့ စက်မှု ၂ ကြားမှာ ကူးသန်းသွားလာနေတဲ့ စစ်ကောင်စီရဲ့ ဖောကားကို မနေ့ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ကားကတော့ အတင်းမောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို ကျားသစ်နက်တပ်မတော် တပ်ခွဲ-၇၊ ပခုက္ကူခရိုင်တပ်ရင်း-၁၅ တပ်ခွဲ-၃၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၇၀၃၊ GOBA တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကနီနယ်၊ သပြေတောရွာအနီး ချင်းတွင်းမြစ်ထဲ သောင်တင်နေတဲ့ စစ်ကောင်စီသင်္ဘောတစီးကို ဇန်နဝါရီ ၃၁ ရက်‌ ညနေ ၇ နာရီလောက်က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဆီပေပါ ၃,၀၀၀ အပြင် ဆန်၊ ဆီ၊ ဆားနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ KLG PDF က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

KLG PDF တာဝန်ရှိသူက “စစ်ကောင်စီတပ်သား ၂၀ ဦးနဲ့အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေက သင်္ဘောတစီးနဲ့ ထွက်ပြေး လွက်မြောက်သွားပါတယ်။ သင်္ဘောသိမ်းယူခံရပြီးနောက် အင်အား ၁၀၀ ကျော်ခန့် စစ်ကောင်စီအုပ်စုက ချင်းတွင်းမြစ်ဘေး ကျေးရွာတွေထဲ စီးနင်းဝင်‌ရောက် လုယက်ကာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။

“သင်္ဘောပေါ်က ရရှိတဲ့ ဒီဇယ်ပေပါ ၃,၀၀၀၊ ဆန်၊ ဆီ၊ ဆားနဲ့ လက်နက်ခဲယမ်းတွေကို ခရိုင်မှူးရဲ့ လမ်းညွှန်ချက်အတိုင်း ခရိုင်မှူးထံ အပ်နှံထားတယ်။ စစ်‌ကောင်စီရဲ့ သင်္ဘောပေါ်က ပစ္စည်းတွေအားလုံး ဒီနေ့မှ သိမ်းယူနိုင်လို့ ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်တာပါ” လို့ ကနီနယ် KLG PDF က ဖော်ပြထားပါတယ်။

သ‌င်္ဘောသိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ကနီမြို့နယ်၊ သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာနဲ့ နတ်လာပို့(မ)ရွာတွေကို ခြေလျင်စစ်ကြောင်းထိုးကာ စီးနင်းလုယက်ပြီးနောက် သုံးရွာပေါင်း အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်း‌ေမွးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ ခရိုင် ရင်း ၁၊ ခရိုင် ရင်း ၂ နဲ့ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မဟာမိတ်ညီနောင်များ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024